❛ရည်စူးဒါန ပြုလုပ်ကြ❜

 ဘဒ္ဒန္တ ပညိန္ဒာဘိဝံသ ❪မစိုးရိမ်တိုက်သစ်❫


သံဝေဂဂါထာ (၃)ဂါထာ ရွတ်ဖတ်ပြီးတော့ သံဝေဂပွားများမယ်၊ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံစဉ်အခါတုန်းက သိကြားမင်းကြီးကိုယ်တိုင် ရွတ်ဆိုပြီးတော့ သံဝေဂပွားခဲ့တဲ့ဂါထာ၊ အဲဒီ (၃)ဂါထာကို သံဃာတော်အရှင်မြတ်များက ရွတ်ဆိုပြီးတော့ သံဝေဂပွားပါ့မယ်၊ သံဝေဂဂါထာ (၃)ဂါထာ ပွားတော်မူကြပါဘုရား။  


အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။ 

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။  


ဒုက္ခာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။ 

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။  


အနတ္တာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။ 

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။  


သာဓု သာဓု သာဓု  


ကျောက်ဆည်မြို့၊ စုကြီးရပ်နေ ဦးအောင်ချစ် + ဒေါ်ဝင်းမြင့်တို့၏ သားသမက်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်နေ ဒေါက်တာ ဦးထွန်းလင်း + ဒေါ်အမာချစ်တို့၏ တစ်ဦးတည်းသော သား၊ မောင်စောသီဟစံ (ခေါ်) ချစ်စုစံ၏ မွေးသဖခင် ကျေးဇူးရှင်၊ ဒေါ်ခိုင်ခိုင်မော်၏ ချစ်လှစွာသော ခင်ပွန်း ဦးလမင်းထွန်း (ဒေါ်ဝင်းမြင့် ဆန်စက် ရောင်းဝယ်ရေး) ယနေ့ ဘဝတစ်ပါးသို့ ပြောင်းသွား ကွယ်လွန်တဲ့အတွက် ကျန်တဲ့ မိသားစုအားလုံးက သူ့အတွက်ရည်စူးပြီးတော့ ကုသိုလ်ပြုတယ်၊ အဲဒီတော့ အားလုံးသော မိသားစုများလည်း နည်းနည်းလေး နားထောင်လိုက်။ 


ခုနက သြကာသကန်တော့ကျိုးဆိုတုန်းက ဗျသနတရားငါးပါးတို့မှ လွတ်ရပါလို၏လို့ ဆုတောင်းသွားတာ ပါတယ်မဟုတ်လား၊ (ပါပါတယ်ဘုရား) အေး အဲဒီ ဗျသနငါးပါးထဲက ဉာတိဗျသနဆိုတာ လွတ်ခဲတယ်၊ အဲဒါ ဒီနေ့ ဉာတိဗျသနဖြစ်တာပဲ၊ ဉာတိဗျသနဆိုတာ မိမိ မိသားစုထဲက အိမ်သူ အိမ်သား တစ်ယောက်ယောက် ပျက်စီးသွားတာကို ဉာတိဗျသနလို့ခေါ်တယ်။ အခု မခိုင်တို့မိသားစု ဉာတိဗျသနနဲ ကြုံတယ်လို့ခေါ်တယ်၊ အဲဒီလို ဉာတိဗျသနနဲ ကြုံတဲ့အခါ သွားလေသူကတော့ ကံအားလျော်စွာ ဟိုဘက်ဘဝသွားပြီ၊ ကျန်ခဲ့တဲ့ပုဂ္ဂိုလ်တွေသန္တာန်မှာ "သောက"လို့ခေါ်တဲ့ စိုးရိမ်တာတွေဖြစ်တယ်၊ "ပရိဒေဝ"လို့ခေါ်တဲ့ ငိုကြွေးမှုတွေဖြစ်တယ်၊ "ဒုက္ခ"လို့ခေါ်တဲ့ ခန္ဓာကိုယ်မသက်မသာ ဆင်းရဲမှုတွေဖြစ်တယ်၊ နောက် "ဒေါမနဿ"လို့ခေါ်တဲ့ စိတ်ဆင်းရဲပြီးတော့ မစားနိုင် မသောက်နိုင် ခွေမှိုင်နေတာတွေဖြစ်တယ်၊ အဲဒီ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဆိုတာ ဉာတိဗျသနဖြစ်လာရင် ဉာတိဗျသနနဲ့ ကြုံလာရင် ကျန်ရစ်သူမိသားစုမှာ ဖြစ်တတ်တာ ဒါ ဓမ္မတာပဲ၊၊  


အဲဒီ သောက စတဲ့ တရားတွေဖြစ်လာရင် ကိုယ့်သန္တာန်မှာ ဖြစ်လာရင် ဆင်းရဲမှာလား ချမ်းသာမှာလားဆိုတော့ ဆင်းရဲတာပေါ့ သိပ်ဆင်းရဲတာပဲ ဟုတ်လား၊ ဆင်းရဲတယ် မခံနိုင်လောက်အောင် ဆင်းရဲတယ်၊ အဲဒီလိုဆင်းရဲတဲ့အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဉာတိဗျသနနဲ့ ကြုံလာတဲ့အခါမှာ ဆင်းရဲစု ဆင်းရဲကြောင်း သောက စတဲ့ တရားတွေကို နှုတ်ပေးဖို့ သောကနုဒဆိုတဲ့ တရားတော်တွေကို ဟောထားတယ်၊ သောကနုဒဆိုတာ အဲဒီ သောက ပရိဒေဝတွေကို နှုတ်ပေးရတဲ့ ဒေသနာတော်၊ အဲဒီလို နှုတ်ပေးလိုက်တဲ့အခါမှာ များများကြီးနှုတ်နိုင်ရင် များများကြီး ဆင်းရဲသက်သာမှာ၊ နည်းနည်းလောက်ပဲ နှုတ်နိုင်ရင်တော့ ဆင်းရဲက နည်းနည်းပဲ သက်သာတယ်။  


အဲဒီတော့ သောက ပရိဒေဝ စတဲ့ ဆင်းရဲကြောင်းတရားတွေ များများကြီးနှုတ်နိုင်အောင် ကြိုးစားရတယ် နော်၊ အဲဒီဉာတိဗျသနနဲ့ ကြုံလာရင် ပုထုဇဉ်လူသားများပီပီ သောက ပရိဒေဝဖြစ်တယ်ဆိုတာ ဒါ အပြစ်ပြောလို့ မရဘူး၊ သူ့ဓမ္မတာ အတိုင်းဖြစ်တာပဲ၊ သို့သော် ထိန်းချုပ်နိုင်ဖို့ အရေးကြီးတယ်၊ မထိန်းချုပ်နိုင်ရင် ကိုယ်ပဲ ပိုပြီးတော့ ပင်ပန်းတယ်၊ ခန္ဓာကိုယ်ထဲမှာ စူးစူးခံရတဲ့အခါမှာ အဲဒီစူးကို နှုတ်ဖို့ နာက်ထပ်စူးတစ်စူးနဲ့ ပြန်ပြီးတော့ ကော်မထုတ်ရဘူးလား၊ (ထုတ်ရပါတယ်ဘုရား) အဲဒီလို ကော်ထုတ်တဲ့အခါ ဒုတိယစူးက ကျိုးပြီးနေခဲ့မယ်ဆိုရင် တစ်စူးကနေ နှစ်စူး ပိုနာတာပေါ့ ဟုတ်လား။  


အခုလည်း အဲဒီအတိုင်းပဲ၊ သောက ပရိဒေဝဖြစ်တဲ့အခါ သောကနုဒဒေသနာတော်နဲ့ နှုတ်ပစ်ရတယ်၊ မနှုတ်ဘဲနဲ့ ပိုပြီးတော့ ပွားအောင်လုပ်မယ်ဆိုရင် စူးနှစ်စူး အစူးခံရတဲ့ပုဂ္ဂိုလ်နဲ့တူတယ် နော်။ သာမာန်ပုဂ္ဂိုလ်မပြောနဲ့ အရှင်အာနန္ဒာမထေရ်မြတ်တောင် ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီးအချိန်လေး စံတော့မယ်ဆိုတာ သိနေပြီ၊ အဲဒီတော့ မခံစားနိုင်လို့ ဘုရားရှင်ရဲ့ မျက်မှောက်တော်မှာ မနေဘဲ ဟို ဓမ္မာရုံထဲသွားပြီး တရှုံ့ရှုံ့နဲ့ ငိုနေတာ အရှင်အာနန္ဒာ၊ အရှင်အာနန္ဒာဆိုတာ ပုထုဇဉ် မဟုတ်ဘူး ဟုတ်လား၊ (မှန်ပါဘုရား) သောတာပန်၊ သူတောင် မခံနိုင်ဘူး။ အဲဒီတော့ မြတ်စွာဘုရားက ပရိနိဗ္ဗာန် မစံသေးဘူး၊ စံခါနီးပေါ့၊ စံမယ်ဆိုတာ သိနေတော့ အရှင်အာနန္ဒာက မခံစားနိုင်တော့ သွားပြီး တရှုံ့ရှုံ့ငိုနေတော့ အရှင်အာနန္ဒာဘယ်မလဲ ဘုရားရှင်က ခေါ်ခိုင်းလိုက်တယ်၊ အနားရောက်တဲ့အခါ ဘုရားရှင်က သိတော်မူတယ်၊ ပရိနိဗ္ဗာန်စံခါနီးမှာ အာနန္ဒာရဲ့ သောကကို နှုတ်ပေးဖို့အတွက် "နနု ဧတံ အာနန္ဒ မယာ ပဋိကစ္စေဝ အက္ခာတံ"။ (ဒီ၊ ၂၊ ၁၁၉။) အာနန္ဒာ သင့်ကို ငါ အစောကြီးကတည်းက ကြိုပြီးတော့ တရားဟောထားတယ်မဟုတ်ဘူးလား။ "သဗ္ဗေဟေဝ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ"။ (ဒီ၊ ၂၊ ၁၁၉။) ချစ်ခင် နှစ်သက်တဲ့ သတ္တဝါအချင်းချင်း တစ်နေ့ကျရင် သေကွဲ ရှင်ကွဲ ကွဲရတယ်ဆိုတာ သင့်ကို ငါ အစောကြီးကတည်းက ဟောထားတယ်၊ အဲဒီတရားကို နှလုံးသွင်းလိုက်ပါ၊ အရှင်အာနန္ဒာမထေရ်မြတ် အဲဒီတရားနှလုံးသွင်းပြီးတော့မှ သူသန္တာန်မှာဖြစ်တဲ့ သောကကို နှုတ်ပစ်ရတယ်၊ နှုတ်ပစ်မှ ချမ်းသာတာ။  


အခုလည်း ဒီမှာ မခိုင်တို့မိသားစု ဉာတိဗျသနနဲ့ တွေ့တဲ့အခါ နှလုံးသွင်းဖို့အတွက် ဘုရားရှင်က သောကနုဒဒေသနာတော်ဆိုတာ ဟောထားတာရှိတယ်၊ "မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ"။ (အံ၊ ၂၊ ၆၃။)တဲ့၊ လူတိုင်းလူတိုင်း "သဗ္ဗေဟေဝ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ"။ (ဒီ၊ ၂၊ ၁၁၉။) ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်လောက်ပဲ ချစ်ပါတယ် ခင်ပါတယ် နှစ်သက်ပါတယ်ပြောပြော တစ်နေ့နေ့ကျရင် နာနာဘာဝလို့ခေါ်တဲ့ ရှင်ကွဲသော်လည်း ကွဲရတယ်တဲ့၊ ရှင်ကွဲ မကွဲရဘူးလား၊ (ကွဲရပါတယ်ဘုရား) ကွဲရတယ်။ အခု ဒီမှာ ဒေါ်နီလာထွန်းတို့မိသားစု အမတွေက မန္တလေးမှာ နေတယ်၊ မောင်လေးက ကျောက်ဆည်မှာ နေတယ်ဆိုတာ ရှင်ကွဲ ကွဲတယ်ခေါ်တယ် ဟုတ်လား၊ အသက်ရှင်လျက်နဲ့ ရှိတယ်၊ သူက ကျောက်ဆည်၊ ကိုယ်က မန္တလေး တစ်မြို့စီနေတာ အဲဒါ ဘာကွဲ ကွဲတာခေါ်လဲ၊ ရှင်ကွဲ ကွဲတာ၊ အဲဒါ လူတိုင်း ကွဲတတ်တယ်။ ဒီနှစ်ကျတော့ ရှင်ကွဲတင်မဟုတ်ဘူး၊ သေကွဲ ကွဲသွားတယ်၊ ချစ်ခင် နှစ်သက်တဲ့ မိသားစုအချင်းချင်း မောင်နှစ်မအချင်းချင်း သူက အရင်ဆုံးသွားတယ်ဆိုရင် သူနဲ့ ကိုယ်နဲ့ သေကွဲ ကွဲသွားတာပဲ၊ ကိုယ်က အရင်ဆုံးသွားရင်လည်း သေကွဲ ကွဲတာပဲ ဟုတ်လား။   


အေး အဲဒီတော့ လူတိုင်းလူတိုင်း ဘယ်လောက်ပင် ချစ်ပါတယ်ပြောပြော ခင်ပါတယ်ပြောပြော ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်အချင်းချင်း အဲဒီကွဲကွာခြင်း နှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ လူတိုင်းတွေ့မှာ၊ ကွဲကွာခြင်းနှစ်မျိုးက မြန်မာလိုပြောရင် ရှင်ကွဲ ကွဲခြင်းနဲ့ သေကွဲ ကွဲခြင်းတဲ့၊ အဲဒီကွဲခြင်းနှစ်မျိုးက လွတ်နိုင်ပါ့မလား၊ (မလွတ်နိုင်ပါဘုရား) မလွတ်နိုင်တဲ့အတွက် အစောကြီးကတည်းက ကြိုတင်ပြီးတော့ ဆင်ခြင်ထား စဉ်းစားထား နှလုံးသွင်းထား၊ ဘယ်သူတွေဆင်ခြင်ရမှာလဲ၊ ဣတ္ထိယာ ဝါ - အမျိုးသမီးတွေအကုန်လုံး ဆင်ခြင်ထား၊ သေကွဲ ရှင်ကွဲ တစ်မျိုးမျိုးနဲ့ ကွဲနိုင်တယ်၊ ပုရိသေန ဝါ - အမျိုးသားတွေလည်း အကုန်လုံး ဆင်ခြင်ထား၊ ဂဟဋ္ဌေန ဝါ - လူဝတ်ကြောင်မှန်သမျှ အကုန်ဆင်ခြင်ပါ ဘုရားရှင်က လူတိုင်းလူတိုင်း ကွဲတယ်၊ ပဗ္ဗဇိတေန ဝါ - ရှင်ရဟန်းတွေလည်း ဆင်ခြင်၊ မလွတ်ဘူး။ အဲဒီတော့ ချုံးပြောမယ်ဆိုရင် ခုနစ်ရက်သားသမီးမှန်သမျှ အကုန်ဆင်ခြင်ပါ၊ ဘာဆင်ခြင်ရမလဲ၊ သေကွဲ ရှင်ကွဲ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးနဲ့ ကွဲရတတ်တယ်၊ မကွဲအောင်လုပ်လို့ မရဘူး။   


ဒီနေ့ ကိုလမင်းထွန်း သေသွားတယ်၊ သူ့ကို မသေအောင် လုပ်လို့ရပါ့မလား၊ (မရပါဘုရား) ရမယ်ဆိုရင် ဟို ရှေးရှေးက ကိုယ့်ဘိုးဘွားဘီဘင်တွေ အကုန်လုံး လူ့လောကမှာ ရှိမှာပေါ့၊ ရှိသေးရဲ့လား၊ (မရှိတော့ပါဘုရား) အေး မသေအောင် လုပ်မရတဲ့အတွက် သွားတာပဲ၊ သို့သော်လည်း သူ သေလမ်းဖြောင့်အောင် သေမှာ မကြောက်အောင်တော့ စီမံပေးရတယ်။ မနေကတုန်းက သူကွယ်လွန်ခါနီး မနက်ပိုင်းမှာ သူ့ကို သင်္ကန်းလှူခိုင်းတယ်၊ သရဏဂုံတင်တယ်ဆိုတာက ဒါ သူ့ဘဝအတွက် ရိက္ခာထည့်ပေးတာခေါ်တယ်။ သူ့ကို မသေအောင်လုပ်လို့ မရဘူး၊ ကံအားလျော်စွာ သေမယ်၊ သေတဲ့အခါ သူမှာ ကုသိုလ်ရိက္ခာလိုတယ်၊ အဲဒီရိက္ခာပါမှ တမလွန်ဘဝ ကျင်လည်တဲ့အခါမှာ ချမ်းချမ်းသာသာ ကျင်လည်ရမယ်၊ လူ့ဘုံ နတ်ဘုံဆိုတဲ့ ကောင်းတဲ့ဘုံတွေမှာ စံရမယ်၊ အဲဒီရိက္ခာ မပါဘူးဆိုရင် တမလွန်ဘဝမှာ ချမ်းချမ်းသာသာနေရပါ့မလား၊ (မနေရပါဘုရား) မနေရဘူး၊ ဒါကြောင့် သူ့အတွက် ကောင်းအောင်လုပ်ပေးတာပဲ နော်။   


ဒါကြောင့် ဆရာတော်များက ဘုန်းဘုန်းများက လူတွေကို မသေအောင် လုပ်လို့မရဘူးကွာတဲ့၊ သေရမှာ မကြောက်အောင် လုပ်လို့ရတယ်တဲ့၊ မသေခင်က ဖြစ်စေ သေခါနီးမှာ ဖြစ်စေ ကုသိုလ်တရားများများဖြစ်အောင် လုပ်ထားရတယ်၊ အဲဒီလို ကုသိုလ်များနေတဲ့ပုဂ္ဂိုလ်က ရောဂါဝေဒနာနဲ့ ယှဉ်လာလို့ သေရမယ့်ရောဂါ ကိုယ့်သန္တာန်မှာ ရောက်လာပြီဆိုရင် သူက ရဲရဲသေရဲတယ်။ ဘာဖြစ်လို့လဲဆိုရင် သူ့မှာ ကုသိုလ်တွေ အများကြီးရှိနေလို့၊ ကုသိုလ်အများကြီးရှိတဲ့အတွက် ဒီခန္ဓာကိုယ် စွန့်ရသော်လည်း သူ မကြောက်ဘူး၊ နောက် ဒီထက်သာလွန်တဲ့ ခန္ဓာဘဝကို ရနိုင်တဲ့အတွက် ရဲရဲကြီးသေရဲတယ်။ အဲဒါကြောင့် မသေအောင်တော့ လုပ်လို့ မရဘူး၊ သေရမှာ မကြောက်အောင် လုပ်လို့ရတယ်လို့ ဆရာတော် သံဃာတော်များက နေပြီးတော့ ဟောကြားတယ် ဟုတ်လား။ အဲဒါ ကျန်တဲ့ မိသားစုက မနေက သူ့ကို နောက်ဆုံးအနေနဲ့ ကုသိုလ်လုပ်ဖို့ အခွင့်အရေးလေးရတယ်၊ ဆေးရုံမှာ ကပ်ပြီး လုပ်ပေးထားတာ၊ စဉ်းစားကြည့်မယ်ဆိုရင် ဒါ ကိုယ့်ဘက်က တာဝန်ကျေအောင် လုပ်ပေးနိုင်တယ်ဆိုပြီး ကျေနပ်စရာတစ်ခုပေါ့ နော်။   


အဲဒီတော့ ပြန်ပြီးတော့ ဒေသနာတော်ချုံးရမယ်ဆိုရင် လူတိုင်းလူတိုင်း နေ့တိုင်းနေ့တိုင်း ဆင်ခြင်ပါတဲ့၊ ဘာဆင်ခြင်ရမလဲ၊ တို့အားလုံး ဘယ်လောက်ပဲ ချစ်ချစ် သေကွဲ ရှင်ကွဲ နှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ကွဲရမယ်လို့ ဆင်ခြင်၊ ဘာဆင်ခြင်ရမလဲ၊ သေကွဲ ရှင်ကွဲ နှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ကွဲရမယ်။ အဲဒီလို မကွဲကွာချင်ဘူးဆိုပြီးတော့မှ ကိုယ့်မှာ ဘယ်လောက်ပဲ လုံ့လ ဝီရိယစိုက်ပြီး အားထုတ်ထုတ် မရဘူး၊ တက်နိုင်လို့ ကမ္ဘာမှာ ကုလသမဂ္ဂစစ်တပ်ကြီးနဲ့ သွားပြီးတော့ အစောင့်ချထား၊ သေမင်း မခေါ်အောင် အစောင့်ချလို့ ရပါ့မလား၊ (မရပါဘုရား) ကဲ ကိုလမင်းထွန်းနဲ့ တို့ မခွဲချင်ဘူး၊ ချစ်လှပါတယ်၊ ခင်လှပါတယ်၊ သူနဲ့ ကိုယ်နဲ့ ရင်ချင်းအပ် ကိုယ်ချင်းကပ်ပြီး ကြိုးနဲ့ ချည်ထားရင်ကော သေမင်းလက်က လွတ်ပါ့မလား၊ (မလွတ်ပါဘုရား) ကြိုးနဲ့ချည်ထားလည်း ဆွဲခေါ်သွားမှာပဲ ဟုတ်လား၊ ဘယ်လိုမှ လွတ်နိုင်စရာအကြောင်း မရှိဘူး။ ဒါကြောင့် လွတ်နိုင်စရာအကြောင်း မရှိတဲ့အတွက် ဒါ ဓမ္မတာအတိုင်းဖြစ်သွားတာ၊ အဲဒီအတွက် သောက ပရိဒေဝ သက်သာအောင်လို ဒီလိုလေး ဆင်ခြင်ပါ၊ ခုနစ်ရက်သားသမီးမှန်သမျှ အဲဒီလို ကွဲကွာခြင်းနှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ကွဲကွာရတတ်တယ်လို့ ဆင်ခြင်ထားပါ။   


အားလုံး လိုက်ဆို၊ ဆင်ခြင်ရအောင် -  


သက်မျှကြင်သူ၊ ချစ်သောသူနှင့်

အတူတကွ၊ နေချင်လှသဖြင့်

လုံ့လ ခွန်အား၊ စောင် မံထား၍

နှစ်ပါးရင်အပ်၊ ကိုယ်ချင်းကပ်လျက်

မလွတ်သာအောင်၊ ကြိုးဖြင့် နှောင်လည်း

လူ့ဘောင်မျက်မှောက်၊ ကွဲချိန်ရောက်က

တစ်ယောက်တစ်ကွဲ၊ သွားရမြဲတည်း။   


သက်မျှကြင်သူ၊ ချစ်သောသူနှင့်

အတူတကွ၊ နေချင်လှသဖြင့်

လုံ့လ ခွန်အား၊ စောင် မံထား၍

နှစ်ပါးရင်အပ်၊ ကိုယ်ချင်းကပ်လျက်

မလွတ်သာအောင်၊ ကြိုးဖြင့် နှောင်လည်း

လူ့ဘောင်မျက်မှောက်၊ ကွဲချိန်ရောက်က

တစ်ယောက်တစ်ကွဲ၊ သွားရမြဲတည်း။   


အဲဒါ ကွဲချိန်ရောက်လို့ ကွဲသွားပြီ ကိုလမင်းထွန်းနဲ့ မိသားစုနဲ့ ဟုတ်လား၊ မကွဲအောင် နှစ်ပါး ရင်ချင်းအပ် ကိုယ်ချင်းကပ် ကြိုးနဲ့ချည်ထားလည်း မရပါဘူး၊ လုံ့လ ခွန်အား ကိုယ့်မှာရှိတဲ့ စည်းစိမ်ဥစ္စာတွေ ပုံပေးလည်း မရဘူး၊ ကာယဗလ ဉာဏဗလ ဘယ်ဗလတွေနဲ့ ထုတ်ပြီးတော့တားတား မရဘူး၊ အချိန်တန်ရင် သွားရတာ၊ ဒါ အချိန်တန်လို့ သွားရတာ၊ သူလည်း သူ့လမ်းသွား၊ တစ်နေကျ ကိုယ်လည်း ကိုယ့်လမ်းသွားရမှာ။ အေး အခုနေ အခွင့်အရေးရတုန်းလေး တို့ သေလောက်တဲ့ ရောဂါရောက်လို့ရင် ပြုံးပြုံးကြီးနဲ့ ရင်ဆိုင်နိုင်အောင် ကုသိုလ်များများ လုပ်ထားရမယ်လို့ အဲဒီလိုလေးတော့ နှလုံးသွင်းထား ဟုတ်လား။  


ကဲ နောက်တစ်ခု အမြဲတမ်း နှလုံးသွင်းဖို့ တရားတစ်ခုပြောမယ်၊ အဲဒါက ဘာလဲဆိုတော့ သေပြီးတဲ့နောက်မှာ သတ္တဝါတွေ ကံအားလျော်စွာ သူတို့ ရောက်သွားတာပဲ၊ ဘုရားရှင်က လူတိုင်းလူတိုင်း မသေခင်တုန်းက ကိုယ် နှုတ် စိတ်ဆိုတဲ့ လှုပ်ရှားမှုသုံးခုရှိတယ်၊ ကိုယ်လက်လှုပ်ရင် လှုပ်ရှားနေတယ်၊ စိတ်နဲ့ အလုပ်လုပ်တယ်၊ နောက်ပြီးတော့ နှုတ်နဲ့အလုပ်လုပ်တယ်၊ အဲဒါ ကာယကံ ဝစီကံ မနောကံခေါ်တယ်။ အဲဒီကိုယ် နှုတ် စိတ်နဲ့ လှုပ်ရှားမှုမှန်သမျှ အပြစ် မကင်းတဲ့ အလုပ်တွေက အကုသိုလ်၊ အပြစ်ကင်းတဲ့အလုပ်တွေက ကုသိုလ်၊ လူတိုင်းလူတိုင်း ကုသိုလ်တွေ အကုသိုလ်တွေရှိကြတယ်၊ အဲဒီလိုရှိတဲ့အနက် တက်နိုင်သလောက် ကိုယ့်မှာ အကုသိုလ်နည်းပြီး ကုသိုလ်များအောင် ကြိုးစားရတယ် နော်။ ပုထုဇဉ်ဆိုတော့ အကုသိုလ် လုံးဝ မဖြစ်အောင် တားလိုတော့ မရဘူး၊ ဖြစ်မှာပဲ၊ သို့သော် အဖြစ်နည်းပါစေပေါ့၊ အကုသိုလ်ကို အဖြစ်နည်းအောင် ကြိုးစား၊ ကုသိုလ်ကို အဖြစ်များအောင် ကြိုးစား၊ အဲဒါ တစ်ရက်တည်း မဟုတ်ဘူး၊ တစ်လတည်း မဟုတ်ဘူး၊ တစ်နှစ်တည်း မဟုတ်ဘူး၊ နေ့တိုင်း ကြိုးစား၊ ကြာလာတဲ့အခါ ကိုယ့်ခန္ဓာကိုယ်မှာ ကုသိုလ်တွေက အစုလိုက် အပုံလိုက်ကြီးဖြစ်လာမယ်၊ အကုသိုလ်တွေကတော့ နည်းမယ်။   


အေး အဲဒီတော့ သေတဲ့အခါကျတော့ ကိုယ့်နောက်မှာ ဘယ်သူမှ မလိုက်ဘူး၊ ဘယ်မိသားစုမှ မလိုက်ဘူး၊ ဘယ်စည်းစိမ်မှ မလိုက်ဘူး၊ လိုက်မှာက အဲဒီ ကုသိုလ်နဲ့ အကုသိုလ်ပဲ လိုက်မှာ၊ ဘယ်သူလိုက်မှာလဲ၊ (ကုသိ်ုလ်နဲ့ အကုသိုလ်ပါဘုရား) အေး ကုသိုလ်နဲ့ အကုသိုလ်လိုက်မှာ။ အကုသိုလ်ကလည်း မခေါ်လည်း လိုက်မှာပဲ၊ ဒါပေမဲ့ အကုသိုလ်ကတော့ မကောင်းဘူး၊ ကိုယ့်ကို သူက မကောင်းတဲ့နေရာပို့ပေးမှာ၊ စိတ်ဆင်းရဲဖြစ်အောင် လုပ်ပေးမှာ၊ ဟာ မင်း မလိုက်နဲ့လို ပြောလို့ မရဘူး၊ သူက ဓမ္မတာအတိုင်း သူလည်း လိုက်မှာပဲ ဟုတ်လား၊ အရိပ်ပမာလိုက်မှာ။ ကုသိုလ်ကလည်း လိုက်မှာပဲ၊ ကုသိုလ်ကျတော့ လိုက်လေကောင်းလေ၊ များများလိုက်လေ ကောင်းလေပဲ၊ အဲဒီလို များများလိုက်လေကောင်းလေဆိုပေမဲ့ များများလိုက်နိုင်ဖို့အတွက် ကိုယ်တိုင်က မသေခင်က လုပ်ထားရတယ်၊ ကိုယ်လုပ်ထားတဲ့ကုသိုလ်မှ ကိုယ့်နောက်လိုက်တာ၊ ကိုယ် မလုပ်ဘဲ သူများလုပ်ထားတဲ့ ကုသိုလ်တွေ သွားမျှော်လို့မရဘူး နော်။ သူများလုပ်ထားတဲ့ ကုသိုလ်က ကိုယ့်နောက်ကို မလိုက်ဘူး၊ ကိုယ်လုပ်ထားတဲ့ ကုသိုလ်က ကိုယ့်နောက်ကို လိုက်မှာ။ အဲဒီတော့ ကုသိုလ်တွေ များများလုပ်ထားမယ်ဆိုရင် အဲဒီ ကံ ကံရဲ့ အကျိုးတရားအရ ကုသိုလ်ကံက ကောင်းတဲ့ ဘုံဘဝကို ပို့ပေးမှာပဲ၊ ဒီထက်အဆင့်မြင့်တဲ့နေရာ ပို့ပေးမှာပဲ။


အဲဒါကြောင့် ကိုလမင်းထွန်း မသေခင်က သူလုပ်ထားတဲ့ကုသိုလ်တွေ ရှိတယ်၊ အထူးအားဖြင့် မနေ့က သေမယ့်နေ့ဆဲဆဲ သေခါနီးမှာ လုပ်ထားတဲ့ ကုသိုလ်တွေ ရှိတယ်၊ အဲဒီကုသိုလ်က သူ့ကို ဒီထက်သာလွန်အောင် ဒီထက် လွန်ကဲတဲ့ မြင့်မြတ်တဲ့ ဘုံဘဝကို ပို့ပေးမယ်၊ ဘယ်သူက ပို့ပေးမှာလဲဆိုရင် ကိုယ်လုပ်တဲ့ ကုသိုလ်က ပို့ပေးမှာ၊ သူများသွားမမျှော်နဲ့ ဟုတ်လား။ ဘယ်သူကမှ ပို့မပေးဘူး၊ ထာဝရဘုရားတွေဘာတွေ သွားမမျှော်နဲ့၊ ဘယ်ဘုရားမှ မမျှော်နဲ့၊ ဘယ်ဘုရားမှ မပို့ဘူး၊ ကိုယ်လုပ်တဲ့ ကုသိုလ်က ကိုယ့်ပို့ပေးမှာ၊ အဲဒါကြောင့် ကိုယ့်သန္တာန်မှာ ကုသိုလ်များများရှိအောင် ထည့်ထားရတယ်။ လိုက်ဆို -  


ကောင်းကံ ဆိုးကံ၊ ဤနှစ်တန်၊ အမွေခံရမည်။ 

ကောင်းကံပြုက၊ ကိုယ့်ဘဝ၊ မုချ ချမ်းသာမည်။ 

မကောင်းမှုကံ၊ ပြုခဲ့ပြန်၊ ဧကန် ဆင်းရဲမည်။   


အဲဒါကို တိုတိုလေးပြောလိုက်တော့ ကံရဲ့အမွေကို ခံရတယ်လို့ခေါ်တယ် လူတိုင်းလူတိုင်း ဟုတ်လား၊ မိဘသေတဲ့အခါ မိဘအမွေအနှစ် သားသမီး မရဘူးလား၊ (ရပါတယ်ဘုရား) မိဘအမွေခံတာ။ အခုက ကံရဲ့အမွေခံရတာ၊ ကံဆိုတာ ကိုယ်လုပ်ထားတဲ့ ကံ၊ ကောင်းကံလုပ်ထားရင် ကောင်းတဲ့ဘဝရမယ်၊ ဆိုးကံလုပ်ထားရင် ဆိုးတဲ့ဘဝရမယ်၊ အဲဒါ မြေကြီးလက်ခတ်မလွဲခံရမှာ။ အဲဒီတော့ ခုနစ်ရက်သားသမီးတွေ သောက မဖြစ်အောင် သက်သာအောင် သောကနုဒအနေနဲ့ ဘုရားရှင်ကတော့ ၅-ပါးဟောထားတယ်၊ အခု ၅-ပါးထဲက ၂-ပါးပဲဟောလိုက်တယ်၊ ၂-ပါးက နံပါတ် ၁ ဘာလဲဆိုတော့ - လူတိုင်း လူတိုင်း ချစ်ခင်နှစ်သက်တဲ့ပုဂ္ဂိုလ်တွေနဲ့ သေကွဲ ရှင်ကွဲ နှစ်ကွဲထဲက တစ်မျိုးမျိုးနဲ့ ကွဲရမယ်၊ အဲဒါမှတ်ထား။ ကွဲပြီးတဲ့နောက် ကံအားလျော်စွာ ကံရဲ့အမွေကို ခံရမယ်၊ ကံရဲ့အမွေခံဆိုတာ ကောင်းကံလုပ်ထားရင် ကောင်းတဲ့ ဘုံဘဝရောက်မယ်၊ မကောင်းတဲ့ ကံလုပ်ထားရင် မကောင်းတဲ့ ဘုံဘဝရောက်မယ်၊ အဲဒီ ၅-ပါးထဲက အခု ၂-ပါးဟောလိုက်တယ်။ ၂-ပါးမှတ်မိပြီလား၊ (မှတ်မိပါတယ်ဘုရား) အေး အဲဒီတရားနှစ်ပါးကို အမြဲနှလုံးသွင်းနေ၊ အဲဒါဆို သောကအဖြစ်သက်သာမယ်၊ သောကအဖြစ်သက်သာရင် ဆင်းရဲမှုနည်းတယ်ပေါ့ နော်။ နေတိုင်း နှလုံးသွင်းရမှာ၊ အဲဒါ အမြဲတမ်း နှလုံးသွင်းထား၊ ဒါမှ ကိုယ့်မှာ အလေ့အကျက်ရမှ တကယ်ကြုံတဲ့အခါကျတော့ ခံနိုင်ရည်ရှိတယ်။  


အဲဒီတော့ ကိုလမင်းထွန်း မသေခင်ကလုပ်ထားတဲ့ ကုသိုလ်ကံတွေက သူကို ဒီထက်သာလွန်တဲ့ ဘုံဘဝကို ပို့ပေးမှာ မှန်တယ်၊ သို့သော်လည်း မိမိမှာ ဝတ္တရားရှိတဲ့အတွက် ကွယ်လွန်သွားတဲ့အခါ သူ့ကို ရည်စူးပြီးတော့ ကုသိုလ်လုပ်ပေးရတယ်၊ လုပ်ပေးတဲ့အခါ သူက တကယ်လို့များ သေခါနီးမှာ တကယ်လို့ဆိုတာက ဖြစ်တတ်တဲ့သဘောလေးပြောတာ၊ ဖြစ်မယ် ဧကန်ဖြစ်မယ်လို့ မပြောဘူး၊ လူတိုင်းလူတိုင်း သေခါနီးမှာ ဘယ်လောက်ပဲ ရှေ့ကကုသိုလ်ကံတွေရှိရှိ သေခါနီးမှာ နှလုံးသွင်းမှားခဲ့သော် နှလုံးသွင်းမှားတယ်ဆိုတာ အကုသိုလ်ဖြစ်သွားတာကို ပြောတာ နော်၊ နှလုံးသွင်းမှားခဲ့သော် အကုသိုလ်ဖြစ်တယ်ဆိုတာ သားသမီး ဘာညာ စွဲလမ်းတာကို နှလုံးသွင်းမှားတယ်ခေါ်တယ် နော်၊ နှလုံးသွင်းမှားခဲ့သော် တစ်ချက်။ နောက် သေပြီးတဲ့နောက် ၃၁-ဘုံအနက် ပြိတ္တာဘုံ၌ ဖြစ်ခဲ့သော် ပြိတ္တာဘုံဆိုတာ ကောင်းတဲ့ဘုံလား၊ မကောင်းတဲ့ဘုံ၊ အဲဒီနှစ်ချက် နှလုံးသွင်းမှားခဲ့သော်၊ ပြိတ္တာဘုံ၌ ဖြစ်ခဲ့သော် အဲဒီဘဝက လွတ်မြောက်အောင်လို သူ့ကို ရည်စူးပြီး ကုသိုလ်လုပ်ရတယ်၊ လုပ်ပြီး သူက အမျှဝေလို့ သာဓုခေါ်ရင် အဲဒီဘဝကလွတ်တယ်။ သတ္တဝါတိုင်း အဲဒီလို ရောက်ရမယ်လို့ မဆိုလိုဘူး၊ ဒါက သံသယအနေနဲ့ ပြောပြတာ ဟုတ်လား၊ နှလုံးသွင်းမှားခဲ့သော် နောက်တစ်ခုက ဘာလဲ ပြိတ္တာဘဝရောက်ခဲ့သော် အဲဒီအတွက်။   


အေး နှလုံးသွင်း မမှားဘူး၊ ပြိတ္တာဘဝ မရောက်ဘူးဆိုရင် ဒီကုသိုလ်က သူ့အတွက် မလိုအပ်တော့ဘူး၊ သူ့အတွက် မလိုအပ်လို့ရင် အလဟသဖြစ်သလား၊ အလဟသတော့ မဖြစ်ပါဘူး၊ လုပ်တဲ့ပုဂ္ဂိုလ်တွေက ကုသိုလ်အကျိုးတော့ ခံစားရတာပဲ၊ နောက်ပြီးတော့ သံသရာဆိုတာ မခိုင် အရှည်ကြီးပဲ၊ ပြိတ္တာဘုံဘဝမှာ ကိုယ့်အမျိုးတွေ ရှိတယ်၊ ဆွေဟောင်းမျိုးဟောင်းတွေ၊ အမျိုးလွတ်တဲ့ဘုံဘဝဆိုတာ မရှိဘူးတဲ့ ဘုရားရှင်က ဟောထားတာ ဟုတ်လား။ အေး ကိုလမင်းထွန်း အဲဒီမကောင်းတဲ့ ဘုံဘဝ မရောက်သော်လည်း ကျန်တဲ့ ဟိုဘဝအဆက်ဆက်က ဆွေဟောင်းမျိုးဟောင်းတွေရှိရင် လွတ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရည်စူးဒါနမျိုး ဒါမျိုးလုပ်ရတယ်၊ လုပ်ပြီး အမျှဝေ၊ ကဲ အခု အဲဒီဒေသနာတော်အရ ရေစက်ချပြီး အမျှဝေရအောင် ရေစက်ခွက်ကိုင်၊ အားလုံး လိုက်ဆို - - - ။ ။  


🎤 ၁၃၈၃-ခုနှစ်၊ နတ်တော်လဆန်း (၉)ရက်၊ (12-12-2021) တနင်္ဂနွေနေ့တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၌ ဟောကြားတော်မူအပ်သော တရားတော်ဖြစ်ပါသည်။  


တက္ကသိုလ် လုလင် 

၁၃၈၃-ခု၊ တပို့တွဲလပြည့်ကျော် (၈)ရက် 

(23-2-2022) ဗုဒ္ဓဟူးနေ့

Comments

Popular posts from this blog

❛အိမ်သစ်တက်မင်္ဂလာ ပြုလုပ်ရာဝယ်❜