❛အိမ်သစ်တက်မင်္ဂလာ ပြုလုပ်ရာဝယ်❜

 ဘဒ္ဒန္တ ပညိန္ဒာဘိဝံသ ❪မစိုးရိမ်တိုက်သစ်❫


တိုက်သစ်မှာ ရောက်လာတော့ ဒါ အန္တရာယ်ကင်းလုပ်တာ မဟုတ်လား၊ {မှန်ပါဘုရား} ကဲ အဲဒီတော့ ဦးဇင်းတို့ စာပေမှာ မြို့အသစ်တည်တဲ့အခါ အဲဒီမြို့အသစ်မှာ နေထိုင်တော့မယ်၊ အိမ်အသစ်ဆောက်တဲ့အခါ အိမ်အသစ်မှာ နေတော့မယ်ဆိုရင် ဘုရားရှင်လက်ထက်က ပါဋလိရွာကို မြို့အဆင့်မြှင့်တဲ့အခါ မြို့အဆင့်မြှင့်ဖို့ဆိုပြီး တိုက်အိမ်တွေအသီးသီးဆောက် လူတွေရောက်လာတော့ အဲဒီမှာ မြတ်စွာဘုရားက မြို့အသစ်, အိမ်အသစ်တက်ပွဲတရားဟောထားတာလေးရှိတယ်၊ အဲဒီတရားက ဘာလဲဆိုတော့ -

"ယသ္မိံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော။

သီလဝန္တေတ္ထ ဘောဇေတွာ၊ သညတေ ဗြဟ္မစာရယော"။ (ဒီ၊ ၂၊ ၇၅။)


အဲဒီမြို့အသစ်ကြီးတည်ပြီးတဲ့အခါကျတော့ ဘုရားရှင်က အဲဒီအရပ်ကို ကြွလာတာ၊ ကြုံတာ သီးသန့်ပင့်ထားတာ မဟုတ်ဘူး၊ ဘုရားရှင်ကလည်း သူ့ဘာသာသူ ဒေသစာရီကြွရင်း ရောက်လာတာ၊ မြို့အသစ်ကလည်း တည်ပြီးသားပေါ့။ အဲဒီတော့ ဘုရားရှင်ကို ပင့်ပြီးတော့မှ အန္တရာယ်ကင်းကုသိုလ်လုပ်တာပေါ့၊ အဲဒီတော့ ဘုရားရှင်က လုပ်ငန်းစဉ်လေး ပြောပြတယ်။ မြို့အသစ်, ရွာအသစ်, အိမ်အသစ်တည်ထောင်ပြီ၊ အဲဒီမှာနေတော့မယ်ဆိုရင် -


နံပါတ် (၁) "သီလဝန္တေတ္ထ ဘောဇေတွာ သညတေ ဗြဟ္မစာရယော" (ဒီ၊၂၊ ၇၅။)တဲ့၊ 


ဧတ္ထ၊ ဤမိမိနေထိုင်မယ့် အိမ်, မြို့, ရွာအတွင်းမှာ။ "သီလဝန္တေ၊ သီလရှိကုန်သော။ သညတေ၊ ကိုယ်, နှုတ်, နှလုံးကို အကုသိုလ် မဖြစ်အောင် စောင့်ထိန်းကြကုန်သော။ ဗြဟ္မစာရယော၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိကြကုန်သော သူတော်ကောင်းတို့ကို။ ဘောဇေတွာ - ဘောဇေသိ၊ ဆွမ်းကျွေးပါ-တဲ့။ 


အဲဒီပွဲမှာ ဆွမ်းကပ်တဲ့အတွက် မြတ်စွာဘုရားက အဲဒီလိုဟောတာ၊ ဝတ္ထုကြောင်းအရမို့၊ တကယ်လို့ ဆွမ်းကပ်ဖို့ အချိန် မရလို့ ဆွမ်း မကျွေးနိုင်ဘဲ တခြားကုသိုလ်တစ်ခုခုလုပ်လည်း အတူတူပေါ့၊ နံပါတ်(၁)ကတော့ ကုသိုလ်လုပ်ရမယ်၊ မိမိနေထိုင်တဲ့အိမ်, မြို့, ရွာမှာ အခုပြောတဲ့ သီလလည်း ရှိ, ကောင်းတဲ့အကျင့် မြတ်တဲ့အကျင့်ကို ကျင့်ကုန်သော ကိုယ်, စိတ်, နှလုံးကို အကုသိုလ် မဖြစ်အောင် စောင့်ထိန်းနိုင်တဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်တွေကို သူတော်ကောင်းလို့ သမုတ်တာပဲ။ အဲဒီပုဂ္ဂိုလ်တွေကို ပင်ပြီးတော့ ကိုယ့်အိမ်မှာ ကုသိုလ်လုပ်၊ အဲဒီဒေသနာတော်နဲ့အညီ အခု နံပါတ်(၁) ဒါ ပြီးသွားပြီ။ ဘုရားအမှူးရှိတဲ့ သံဃာတော်အရှင်မြတ်တွေကို မိမိနေထိုင်ရာ တိုက်အိမ်မှာပင့်ပြီး ဆွမ်းကျွေးခြင်းဆိုတဲ့ကုသိုလ် လုပ်ပြီးသွားပြီ။


နံပါတ် (၂) အဲဒီလိုလုပ်ပြီးတဲ့အခါ -

‘‘ယာ တတ္ထ ဒေဝတာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ" (ဒီ၊ ၂၊ ၇၅။) မြို့အသစ်, ရွာအသစ်, အိမ်အသစ်မှာ မြို့စောင့်နတ်, အိမ်စောင့်နတ်, ရွာစောင့်နတ်ဆိုတာ သူတို့က လူတွေအရင် နေရာယူပြီးသားတဲ့ 'ကျမ်းဂန်မှာ ပြောထားတာ'၊ အဲဒီအိမ်စောင့်နတ်, မြို့စောင့်နတ်စသည်ကို မိမိလုပ်ထားတဲ့ကုသိုလ်ကို အမျှဝေရမယ်၊ သူတို့ကိုယ်တိုင် ကုသိုလ်လုပ်ဖို့ အခွင့် မရှိတဲ့အတွက် လူတွေက ကုသိုလ်လုပ်၊ လူတွေကုသိုလ်လုပ်တာကို သူတို့အတွက် အမျှဝေပြီးလို့ သာဓုခေါ်လိုက်မယ်ဆိုရင် သူတို့ကလည်း အဲဒီကုသိုလ်ကို အလို'လိုရသွားတယ်၊ အဲဒီတော့ သူတို့ကလည်း အဲဒီလိုကုသိုလ်ကို အလို'လို လိုချင်နေတာ။ လိုချင်တယ်ဆိုပေမဲ့ လူတွေက ကုသိုလ်လုပ်ပြီးတော့ အမျှဝေမှ ရမှာ၊ ကုသိုလ်လည်း လုပ်ရမယ်၊ ကုသိုလ်လုပ်ပြီး အမျှ မဝေရင်လည်း သူတို့ သာဓုခေါ်လို့ မရဘူး၊ ကုသိုလ် မရဘူး။ ဒါကြောင့် ကုသိုလ်လုပ်ပါ၊ လုပ်ပြီးရင် သူတို့ကို အမျှဝေပါတဲ့၊ ပြီးတော့လည်း ဒါ အမျှဝေရမယ် ဟုတ်လား။ အဲဒါကို ‘‘ယာ တတ္ထ ဒေဝတာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ" (ဒီ၊ ၂၊ ၇၅။)တဲ့၊ အဲဒီလို အမျှဝေသောအားဖြင့် အမျှဝေတယ်ဆိုတာ -

"တာ ပူဇိတာ ပူဇယန္တိ" (ဒီ၊ ၂၊ ၇၅။)၊ သူတို့ကို ပူဇော်ရာလည်း ရောက်ပါတယ်တဲ့၊ အိမ်စောင့်နတ်ကို ပူဇော်ချင်ရင် ကုသိုလ်လုပ်ပြီးတော့ အမျှဝေရင် သူတို့ကို ပူဇော်တာပဲ။ 


"မာနိတာ မာနယန္တိ နံ" (ဒီ၊ ၂၊ ၇၅။)တဲ့၊ တစ်ခါတလေ ရိုးရာအရ နတ်တင်တာတွေ ယုတ်စွအဆုံး အုန်းသီးဆွဲတာတွေဘာတွေလည်း ရှိတတ်တယ်၊ ဒါ သူတို့ကို မြတ်နိုးလို့ပြုတာပဲ နော်၊ အဲဒါတွေကို ဘုရားရှင်က မလုပ်နဲ့လို့ မတားပါဘူး၊ သို့သော်လည်း ရတနာသုံးပါးနဲ့ တန်းတူတော့ မကိုးကွယ်ရဘူး၊ ရတနာသုံးပါးကို ကိုးကွယ်တယ်ဆိုတာက သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့အတွက် သူ့ကိုတော့ နံပါတ်(၁) အမြင့်ဆုံးအနေနဲ့ထားပြီး ကိုးကွယ်ရတယ်။ ကျန်တဲ့ ရိုးရာနတ်တွေဘာတွေ တင်မြှောက်တယ်ဆိုတာကတော့ ကိုယ့်ကို ကောင်းကျိုးဆောင်ပေးဖို့အတွက် မကောင်းကျိုးတွေ ပယ်ရှားဖို့ (တစ်နည်းအားဖြင့်) ပစ္စုပ္ပန်ဘဝမှာ ကောင်းကောင်းမွန်မွန် နေထိုင်ရဖို့အတွက် သူတို့ကို ရိုးရာအရ မြှောက်တင်တယ်ဆိုရင်လည်း လုပ်တော့လုပ် သို့သော်လည်း ရတနာသုံးပါးနဲ့ တန်းတူ မထားရဘူး၊ တန်းတူထားလို့ရင် သရဏဂုံညစ်နွမ်းပြီး သရဏဂုံပျက်တဲ့အထိ ဖြစ်တတ်တယ်။ အဓိက'က "ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ၊ သံဃော မေ သရဏံ အညံ နတ္ထိ" ဘုရား, တရား, သံဃာမှတစ်ပါး ကိုးကွယ်ရာ မရှိလို့ ပြောထားတာ၊ အေး ကျန်တဲ့ နတ်တွေဘာတွေကိုတော့ သံသရာဝဋ်မှ လွတ်မြောက်ဖို့ ကိုးကွယ်တာ မဟုတ်ဘူး၊ ပစ္စုပ္ပန်ဘဝ စီးပွားရေးလေးဘာလေးကောင်းအောင် ရတနာသုံးပါးနဲ့ တန်းတူ မထားဘဲနဲ့ ကိုးကွယ်တာလောက်တော့ ရတယ်၊ ခုနကလို မြှောက်တာပင့်တာလေးတွေ ဗလိနတ်စာတင်တာလေးတွေပေါ့။ အေး အဲဒီလို သူတို့ကို အမျှဝေထားမယ် ဗလိနတ်စာလေးတွေနဲ့ ပူဇော်ပသထားမယ်ဆိုရင် သူတို့က ကိုယ့်ကို ပြန်ပြီးတော့ စောင့်ရှောက်တယ်တဲ့၊ "တတော နံ အနုကမ္ပန္တိ၊ မာတာ ပုတ္တံဝ ဩရသံ" (ဒီ၊ ၂၊ ၇၅။)တဲ့၊ ဥပမာလေးနဲ့ ဘုရားက ဟောထားတယ်၊ ဥပမာပေးတဲ့အခါ 'မိဘသည် သားသမီးကို စောင့်ရှောက်သကဲ့သို့' အဲဒီလို ဥပမာမှာတွေ့တယ်၊ အမေနဲ့ အဖေ နှစ်ယောက်ထဲက အမေကိုပဲ ဥပမာပေးတယ်၊ အမေတောင်မှ သားသမီးအများကြီးရှိတဲ့အမေ မဟုတ်ဘူး၊ သားတစ်ယောက်တည်းရှိတဲ့အမေ သားသမီးတစ်ယောက်တည်းရှိတယ်၊ သားသမီးတစ်ယောက်တည်းရှိတဲ့အမေက ဘေးအန္တရာယ်ကြုံလာတဲ့အခါ ဒီသားသမီးကို ကိုယ့်အသက်စွန့်ပြီးတော့ စောင့်ရှောက်တယ်၊ "မာတာ ပုတ္တံဝ ဩရသံ" မာတာ၊ အမိသည်။ သြရသံ၊ မိမိရင်၌ဖြစ်သော။ ပုတ္တံ၊ သားသမီးကို။ အနုကမ္ပတိ ဣဝ၊ အသက်ပေးပြီး စောင့်ရှောက်သကဲ့သို့"တဲ့၊ ခုနကလို အမျှဝေသောအားဖြင့် ပူဇော်ထားမယ်, မြတ်နိုးထားမယ်ဆိုရင် အဲဒီအိမ်စောင့်နတ်တွေဘာတွေက အိမ်ရှင်မိသားစုကို ပြန်ပြီးတော့ စောင့်ရှောက်ပါလိမ့်မယ်တဲ့၊ အဲဒါ နံပါတ်(၂)လုပ်ငန်းစဉ်လုပ်ရမှာ၊ ဘာလုပ်ရမလဲ၊ ကုသိုလ်လုပ်ပြီး အမျှဝေရမယ်၊ အဲဒီလိုအမျှဝေရင် သူတို့ရဲ့ စောင့်ရှောက်မှုကို ခံရတယ်။


"ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ" (ဒီ၊ ၂၊ ၇၅။) အဲဒီလိုကိုယ်စောင့်နတ်တွေ အိမ်စောင့်နတ်တွေရဲ့ စောင့်ရှောက်မှုခံရတဲ့မိသားစုသည် 'ဣဋ္ဌမင်္ဂလာ' အကောင်းတွေချည်းပဲ တွေ့ရတယ်၊ "သဒါ ဘဒြာနိ ပဿတိ" ကောင်းတာတွေတွေ့ရမယ်, ကောင်းတာတွေမြင်ရမယ်, ကောင်းတာတွေကြားရမယ်၊ သူတို့ရဲ့စွမ်းအားရှိသလောက် စောင့်ရှောက်တယ်တဲ့၊ အဲဒီလို ဒေသနာတော်မှာ လာတယ်၊ အဲဒီဒေသနာတော်မှာကတော့ ဒီလောက်ပဲလာတယ်။ 


မှန်နန်းရာဇဝင်ဖတ်ကြည့်တဲ့အခါကျတော့ မှန်နန်းရာဇဝင်ဆိုတာ ရှေးခေတ်က ဆရာတော်ကြီးတွေရေးထားတာပေါ့ နော်၊ အဲဒီမှာ ပုဂံမှာ ကွမ်းဆော်မင်းဆိုတာ အရင်က ရှိခဲ့ဖူးတယ်၊ ကွမ်းဆော်မင်းက နဂိုတုန်းက မင်း မဖြစ်ခင်တုန်းက အဲဒီကွမ်းဆော်တဲ့အလုပ်'လုပ်ရတယ်၊ ပြည်ရွာတွေမှာ လိုက်ပြီးဆော်သြရတဲ့အလုပ်။ အမေက သားလေးအလုပ်သွားဖို့အတွက် နံနက်စောစောစီးစီး ထမင်းလေးဘာလေးချက်ပြီး ထမင်းထုပ်လေးထည့်ပေးလိုက်တာ၊ အခုခေတ်လိုဆို ထမင်းချိုင့်ပေါ့၊ ဟိုတုန်းကတော့ ထုပ်သွားတာပေါ့။ အဲဒီကွမ်းဆော်မင်းက ကွမ်းဆော်တဲ့အလုပ်ကို လုပ်ပြီးလို့ ထမင်းစားချိန်ရောက်ပြီဆိုရင် အဲဒီပုဂံမှာ စောင်ချမ်းပင်ကြီးတစ်ပင်ရှိတယ် အရိပ်အာဝါသကောင်းတဲ့အပင်၊ သူက အဲဒီအပင်အောက်မှာ အမြဲတမ်း ထမင်းစားတယ်၊ နေ့လည်စာပေါ့။ အဲဒီတော့ အဲဒီကလေးက ကွမ်းဆော်မင်းဖြစ်မယ့်ကလေးက သစ်ပင်အရိပ်အောက်မှာ ထမင်းစားခါနီးကျတော့ အစာကို တန်း မစားဘဲနဲ့ ဒီလောက်အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးမှာ ရုက္ခစိုးနတ်တော့ ရှိမှာပဲ သစ်ပင်စောင့်နတ်၊ အဲဒီတော့ ရှိသော်ရှိ မရှိသော်ရှိ သူစားမယ့်ထမင်းတွေကို မြှောက်လိုက်သေးတယ် 'အရှင်ရုက္ခစိုးနတ်မင်းကြီး စားပါပေါ့' ဟုတ်လား ထမင်းစားဖိတ်တယ်၊ ရုက္ခစိုးနတ်စားတာ ကုန်သွားတာမှ မဟုတ်ဘဲနဲ့၊ အဲဒီလိုလုပ်ပြီးတော့မှ သူက စားတယ်၊ နေ့တိုင်း အဲဒီလိုလုပ်တော့ ကြာတော့ ရုက္ခစိုးနတ်ကြီးက အားနာလာတယ်ဆိုပဲ ဟုတ်လား၊ ဒီကလေးက နေ့တိုင်း ငါ့ကို မြှောက်တယ် စားဦးစားဖျားလေး၊ ငါ သူ့ကို ဘာကူညီရမလဲ၊ ငါ့အစွမ်းအစနဲ့ ကူညီမယ်ဆိုပြီး ကူညီဖို့ ကြည့်လိုက်တဲ့အခါကျတော့ နတ်ဆိုတော့ လူတွေထက် အမြင်သာတာပေါ့၊ ဒီကလေးက နောင်မကြာခင် ပုဂံမှာ ရှင်ဘုရင်ဖြစ်မယ့်ကလေး။ ကဲ ဒီတော့ ရှင်ဘုရင်ဖြစ်ဖို့ ကံပါတဲ့ကလေးကို မြန်မြန် ရှင်ဘုရင်ဖြစ်အောင် ငါ ကူညီမယ်၊ ကူညီမယ်ဆိုပေမဲ့ သူ့အစွမ်းက ဒီလောက် မရှိဘူး၊ သူက နည်းလမ်းပေးရုံလောက်ပဲရတယ် နော်၊ အဲဒီတော့ အဲဒီကလေးကို သူက "မင်း မကြာခင် ဒီပုဂံပြည်မှာ ရှင်ဘုရင်ဖြစ်မယ်"၊ အဲဒီတော့ ရှင်ဘုရင် မြန်မြန်ဖြစ်အောင် သူက ဘာညွှန်ကြားလဲဆိုတော့ ကုသိုလ်လုပ်ဖို့ ညွှန်ကြားတာ၊ သရဏဂုံသုံးပါး ဘုရား, တရား, သံဃာ ရတနာသုံးပါးကို ကိုးကွယ်ပြီး (၅)ပါးသီလကို လုံအောင်ထိန်းကွာ 'သီလစောင့်ခိုင်းတယ်'၊ ဘာဝနာအနေနဲ့ ဘုရားဂုဏ်တော်ကို ဘုရားဂုဏ်တော်ဆိုတာ "အရဟံ သမ္မာသမ္ဗုဒ္ဓေါ"ပေါ့၊ အဲဒါမှ မဟုတ်ရင်လည်း "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"ပေါ့။ အဲဒီဂုဏ်တော်ကို တစ်နေ့ကို အခေါက်ရေ (၁,၀၀၀)လောက်ပွားကွာလို့ အဲဒီလို ကုသိုလ်လုပ်ခိုင်းလိုက်တာ၊ လုပ်ခိုင်းလိုက်တော့ အဲဒီကလေး နောင်မကြာခင် ပုဂံမှာ ရှင်ဘုရင်ဖြစ်တယ်။ 


အဲဒီတော့ ပြောချင်တာက ဘာပြောချင်တာလဲဆိုတော့ နတ်ကူညီပုံလေးပြောတာပါ၊ နတ်က သူ့မှာ ရှိသလောက်စွမ်းအားလေးနဲ့ နည်းလမ်းလာပေးတာပေါ့၊ နည်းလမ်းလာပေးတော့ ဟိုကလေးကလည်း နတ်ပေးတဲ့ နည်းလမ်းအတိုင်း လုပ်တယ်၊ အဲဒီလိုလုပ်တဲ့အခါမှာလည်း ကြိုးကြိုးစားစားလုပ်ရတယ်။ နတ်က သူကိုယ်တိုင် စွမ်းအား မရှိသော်လည်း စွမ်းအားလေးကို ညွှန်ပြပေးတယ်တဲ့၊ ဘယ်လိုညွှန်ပြပေးလဲဆိုရင် အဲဒီကုသိုလ်လုပ်ဖို့ ညွှန်ပြပေးတယ်။ အဲဒီတော့ ကုသိုလ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်, စီးပွားရေးလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဦးဇင်းတို့ မြန်မာလူမျိုးတွေက များသောအားဖြင့် လောဘနည်းတယ်လို့ပြောရမလား ရောင့်ရဲတယ်လို့ပြောရမလား နည်းနည်းလေး လုပ်အားနည်းတယ်ပေါ့ ဟုတ်လား။ အေး အဲဒီမှာ နတ်က ညွှန်ပြတာကြည့် "နမော တဿ"ကို တစ်နေ့ကို အခေါက် (၁,၀၀၀)လောက် ရွတ်ခိုင်းတာ၊ အဲဒါဆိုရင် ရွတ်ပါဆိုရင် များသောအားဖြင့် ဟာ များလိုက်တာ (၁၀)ခေါက်လောက်ဆို မရဘူးလား၊ တချို့က ဒီလို စျေးစစ်ချင်ကြတယ်၊ ကုသိုလ်ဆိုတာ များများလုပ်လေ ကောင်းလေပဲ၊ ကုသိုလ်တင် မဟုတ်ဘူး၊ စီးပွားရေးလုပ်တဲ့အခါမှာလည်း များများစားစားလုပ်ရတယ်။ 


သူများနိုင်ငံထက်စာရင် ဦးဇင်းမြင်ဖူးတာလေး ပြောမလို့ပါ၊ မနှစ်က ဦးဇင်းက နိုင်ငံခြားရောက်တဲ့အခါကျတော့ အမေရိကမှာ လယ်သမားတွေ သစ်ပင်စိုက်တယ်ဆိုကြပါစို့၊ သစ်ပင် သပျစ်ပင်စိုက်တယ်ဆိုရင် တမျှော်တခေါ်ကြီးစိုက်တာ အများကြီး သပျစ်သီးတွေ၊ လိမ္မော်ပင်စိုက်တယ်ဆိုရင် တဆုံးကြီး မျက်စိနဲ့ကြည့်လိုက်လို့ရင်။ အဲဒီတော့ ကိုယ့်နိုင်ငံကလူတွေ လယ်လုပ်တယ်ဆိုရင် ကိုယ်က ဧက (၂၀) (၃၀)လောက်စိုက်နိုင်ရင် ဟုတ်လှပြီထင်နေတာ၊ ဟိုကလူတွေက လုပ်ရင် ဧကရာချီ ထောင်ချီလုပ်တာ၊ အဲဒါလေးတွေ အတုယူသင့်တယ်ပေါ့။ အခုလည်း ဒီမှာ နတ်က ကလေးကို ဆုံးမလိုက်တာ၊ မင်း "နမော တဿ"ကို အနည်းဆုံး အခေါက်ရေ (၁,၀၀၀)လောက်ရွတ်၊ ဟိုကလည်း တကယ်လုပ်တယ်၊ အေး လုပ်ရင် အဲဒီလိုများများစားစားလုပ်ရတယ်။ ကုသိုလ်ပဲလုပ်'လုပ်, စီးပွားရေးပဲလုပ်'လုပ် မစို့မပို့ မလုပ်ရဘူး၊ မစို့မပို့လုပ်တဲ့အခါကျတော့ မစို့မပို့ပဲရတာပေါ့ နော်၊ မြိုးမြိုးမြက်မြက် မရဘူး၊ မြိုးမြိုးမြက်မြက်လိုချင်ရင် ကြီးကြီးမားမားလုပ်ရတယ်၊ ကြိုးကြိုးစားစားနဲ့ အဲဒီလိုလုပ်လို့ရင် အကျိုးရတယ်။


ကဲ အခုပြောချင်တာက နတ်ကို အမျှဝေပါတဲ့၊ အမျှဝေတယ်ဆိုတာ လူလူချင်း လက်ဆွဲပြီးတော့ မိတ်ဖွဲ့သလိုပဲ ဒါ နတ်နဲ့ မိတ်ဖွဲ့တယ်ခေါ်တယ်၊ မိတ်ဖွဲ့တဲ့အခါကျတော့ နတ်က ကိုယ့်ကို ပြန်ပြီး စောင့်ရှောက်တယ်တဲ့၊ နတ်စောင့်ရှောက်မှုကို ခံရတဲ့ပုဂ္ဂိုလ်သည် အမြဲတမ်း ဣဋ္ဌမင်္ဂလာပဲ မြင်ရတယ်, တွေ့ကြုံရတယ်၊ အဲဒါ သာဓကအနေနဲ့ ပြောတာ၊ မှန်နန်းရာဇဝင်ကဟာလေးထုတ်ပြတာ၊ ကွမ်းဆော်မင်းက မြန်မြန် ရှင်ဘုရင်ဖြစ်သွားတယ်ပေါ့၊ ရှင်ဘုရင်ဆိုတာက အကျိုးအများကြီးရသွားတာပေါ့၊ ရှင်ဘုရင်ဖြစ်တယ်ဆိုတာ လွယ်တာမှတ်လို့ ဟုတ်လား။ အေး အရင်းအနှီးအနေနဲ့ နဂိုက အတိတ်ကံလည်း ရှိမယ်၊ ပစ္စုပ္ပန်မှာလည်း သူက သရဏဂုံသီလကနေ ဂုဏ်တော်တွေကို အနည်းဆုံး (၁,၀၀၀) တစ်နေ့ တစ်နေ့ပွားရတယ်၊ နေ့တိုင်း နေ့တိုင်း ပွားရတယ်။ အဲဒါနည်းမှီပြီးတော့ ကိုယ့်ဘာသာကိုယ်ပွားကြ၊ အဲဒါဆိုရင် ကောင်းကျိုးတွေ အမြဲရမယ် ဟုတ်လား။ တစ်ခုတော့ရှိတယ် လောဘ မပါအောင်ပွား၊ ဘုရားကို ကြည်ညိုတဲ့စိတ်သက်သက်နဲ့ပွား၊ ဂုဏ်တော် (၁,၀၀၀) (၂,၀၀၀) အချည်းနှီး မဖြစ်ဘူး၊ ပစ္စုပ္ပန်ဘဝကနေစပြီး ကြီးပွားချမ်းသာမယ်၊ ဒီထက်မက တိုးတက်မယ်။ ဟာ ဂုဏ်တော်ပွားလို့ရင် ငါ သူဌေးကြီးဖြစ်မှာ သူကြွယ်ကြီးဖြစ်မှာ အဲဒီလို မျှော်လင့်ချက် မပါရင် ကောင်းတယ်၊ မျှော်လင့်ချက်ပါတဲ့အခါကျတော့ ကုသိုလ် မရဘူး မဟုတ်ဘူး ရတော့ရတယ်၊ လောဘပါတဲ့အခါကျတော့ ကုသိုလ်က နည်းသွားတာပေါ့ ဟုတ်လား။ အဲဒီတော့ မျှော်လင့်ချက် မပါဘဲနဲ့ ဘုရားကို ကြည်ညိုတဲ့စိတ်သက်သက်နဲ့ ကုသိုလ်ရချင်တဲ့ဆန္ဒနဲ့ များများလုပ်၊ များများလုပ်လို့ရင် အဲဒီကုသိုလ်တရားက ဒီဘဝမှာလည်း အကျိုးပေးလိမ့်မယ်၊ နောင်ဘဝမှာလည်း အကျိုးပေးလိမ့်မယ်။ ကုသိုလ်ဆိုတာက ဒီဘဝမှာ ချက်ချင်းအကျိုးပေးမယ်၊ နောင်ဘဝကျမှ အကျိုးပေးမယ်လို့ သတ်မှတ်ချက် မရှိဘူး၊ သူ့အကြောင်းညီညွတ်ရင် ဒီဘဝမှာ ပေးတာလည်း ရှိတယ်၊ ဟိုဘက်ဘဝမှာ ပေးတာလည်း ရှိတယ်၊ တစ်ခါတလေကျရင် ဘဝ (၁၀)ဘဝ, (၁၅)ဘဝကျော်ပြီးမှ ပေးတာလည်းရှိတယ်။ အဲဒါကုသိုလ်လုပ်ပြီး ချက်ချင်း အကျိုး မရတဲ့အတွက် စိတ်ဓာတ် မကျရဘူး၊ သူ့အကြောင်းညီညွတ်ရင် ရမှာပဲ၊ အချည်နှီး မဖြစ်ဘူး။ 


အဲဒါကြောင့် ဒီနေ့ တိုက်သစ်တက်မင်္ဂလာပြုတဲ့အချိန်ကနေစပြီး နေ့တိုင်း နေ့တိုင်း သရဏဂုံသီလကို မြဲစွာ ဆောက်တည်ပြီးတော့ တစ်နေ့ကို "နမော တဿ" (၁,၀၀၀) မရွတ်နိုင်တောင် (၃၀၀)ရွတ်၊ နံနက် (၁၀၀), နေ့(၁၀၀), ည(၁၀၀)၊ အဲဒါဆိုရင် ဒီထက်မက ကြီးပွားဦးမှာ တိုးတက်ဦးမှာ ဟုတ်လား။ "နမော တဿ" (၁၀၀)ရွတ်တာ ဘာမှ မကြာဘူး၊ (၅)မိနစ် (၁၀)မိနစ်လောက်ပဲ ကြာတယ်၊ ပုတီး(၁)ခေါက်ဆိုရင် ဒါ အခေါက် (၁၀၀)ကျော်တယ် (၁၀၈)ခေါက်၊ (၁၀၈)လုံးရှိတဲ့ ပုတီးနဲ့လေ၊ "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ပုတီးတစ်လုံးချပေါ့၊ အဲဒီလိုများများရွတ်။ နောက် ကြာလာတဲ့အခာကျတော့ ရွတ်ရုံတင် မဟုတ်ဘူး 'ဘဂဝတော'ရဲ့ အနက်အဓိပ္ပါယ်ကို သိအောင် စာဖတ်၊ 'အရဟတော'ရဲ့ အနက်အဓိပ္ပါယ်ကို သိအောင် စာဖတ်၊ 'သမ္မာသမ္ဗုဒ္ဓဿ'ရဲ့ အနက်အဓိပ္ပါယ်ကို သိအောင် စာဖတ် နော်၊ တရားနာ စာဖတ်၊ အဲဒါဆိုရင် အဓိပ္ပါယ်သိသွားတဲ့အခါကျတော့ ပိုအကျိုးကြီးတာပေါ့၊ စိတ်က ပိုငြိမ်သွားတာပေါ့။ အဓိပ္ပါယ် မသိဘဲရွတ်ရင် အလကား အချည်းနှီးတော့ မဖြစ်ဘူး၊ အကျိုးတော့ ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ ဇာတ်တော်မှာ ဖားဆိုတဲ့အကောင်လေး တိရစ္ဆာန်လေး တိရစ္ဆာန်တောင် သူ ဘုရားတရားကို နာတယ်၊ ကုသိုလ်မှန်း အကုသိုလ်မှန်း ဘယ်သိမလဲ၊ နားထောင်ကောင်းလို့ နာနေတာ၊ သူသေတဲ့အခါကျတော့ နတ်ပြည်ရောက်သွားတယ်၊ အကျိုးပေးတယ်။ တိရစ္ဆာန်တောင် အကျိုးရသေးတာပဲ၊ လူက ဒီထက်မက အကျိုးရတာပေါ့ နော်၊ အေး ဒါပေမဲ့ အနက်အဓိပ္ပါယ်သိရင်တော့ ပိုကောင်းတယ်၊ ပိုအကျိုးများတယ်တဲ့။ ဒါကြောင့် ယနေ့ နံပါတ် (၂)လုပ်ငန်းစဉ်အရ ကုသိုလ်ပြုပြီးသွားပြီ၊ အဲဒီကုသိုလ်ကို အိမ်စောင့်နတ်တွေကို ရေစက်ချ အမျှဝေရအောင်၊ ကဲ ရေစက်ခွက်ကိုင် အားလုံးလိုက်ဆို.....။ ။


🎤 ၁၃၈၁-ခုနှစ်၊ ကဆုန်လဆန်း (၂)ရက်၊ (5.5.2019) တနင်္ဂနွေနေ့တွင် အိမ်သစ်တက်မင်္ဂလာ၌ ဟောကြားသော တရားတော်ဖြစ်ပါသည်။


တက္ကသိုလ် လုလင်

၁၃၈၁-ခု၊ သီတင်းကျွတ်လဆန်း (၂)ရက်

(30.9.2019) တနင်္လာနေ့

Comments

Popular posts from this blog

❛ရည်စူးဒါန ပြုလုပ်ကြ❜